SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တို့ RCSS/SSA အားထိုးစစ်ဆင်တိုက်ခိုက်၊ ဒေသခံ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရ

SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တို့ RCSS/SSA အားထိုးစစ်ဆင်တိုက်ခိုက်၊ ဒေသခံ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရ

၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် SSPP/TNLA ပူးပေါင်းတပ်ဖွဲ့ အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၅၀၀ ကျော်ရှိ SSPP/TNLA ပူးပေါင်းတပ်ဖွဲ့တို့သည် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ နှင့် မန်လီကျေးရွာကြား ခိုဟတ်ကျေးရွာအနီးတစ်ဝိုက်တွင်လှုပ်ရှားလျှက်ရှိသည့် သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တစ်ဖက်တွင်လည်း အမှတ်-၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ စစ်ကောင်စီတပ် ခမရ-၅၀၅ တပ်ရင်းနှင့် ခမရ-၅၀၆ တပ်ရင်းတို့သည် SSPP/TNLA အနောက်ဘက်မှနေ၍ ၈၁ မမ လက်နက်ကြီးကျည်ဖြင့် ပစ်ကူလျှက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် SSPP/TNLA ပူးပေါင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့သည် နမ့်လန်မြို့နယ်ခွဲ ကောင်းခံကျေးရွာနှင့် စံကားကျေးရွာကြားတွင်လည်းကောင်း၊ မန်တပ်ကျေးရွာမြောက်ဘက် နှင့် မန်စိမ်းကျေးရွာအုပ်စုတွင်လည်းကောင်း တစ်ရက်တည်း (၃) နေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ညနေပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားရာဒေသတွင်းသို့ SSPP/SSA တပ်များ အင်အားဖြည့်တင်းလျှက်ရှိပြီး နှစ်ဖက်တပ်များ စစ်ရေးတင်းမာလျှက်ရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စံကား၊ မန်တပ်၊ ကောင်းခံ၊ ကုန်းမုံ၊ ဟိုနမ့်၊ ပန်ဆင်၊ ကုန်းနု စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀၀ ခန့်က နမ့်လန်မြို့နှင့် မန်စိမ်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းအချိန်ထိ စစ်ဘေးရှောင်များ မြို့ပေါ်သို့ တစ်ဖွဲဖွဲ ရောက်လာနေကြောင်း အဆိုပါ ဒေသခံက ပြောသည်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် စစ်ကောင်စီကိုယ်စားလှယ်တို့ SSPP ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ဆုံခဲ့ပြီး စစ်ကောင်စီဘက်မှ တွေ့ဆုံမှု အောင်မြင်သည်ဟု ဧပြီလ ၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် စစ်တပ်အာဏာသိမ်းသည်ကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ပြည်သူလူထုဘက်မှ ရပ်တည်သွားမည်ဟု အတိအလင်း ကြေညာထားပြီးဖြစ်သလို RCSS/SSA ထိန်းချုပ်ရာ သျှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းသည့်အချိန်မှစ၍ SSPP/SSA နှင့် TNLA တပ်ဖွဲ့တို့က သျှမ်းမြောက်အခြေစိုက် အထူးသဖြင့် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ သီပေါြမို့နယ် နှင့် ကျောက်မဲမြို့နယ်အတွင်းရှိ RCSS/SSA ‌တပ်စခန်းများကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံလူထုများ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရသည်။

Taifreedom

Leave a Reply

Your email address will not be published. Required fields are marked *